ရပ်စောက် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်မာလာစိုးနှင့် ဝန်ထမ်းများသည် ရပ်စောက်မြို့နယ် ဗထူးတပ်နယ်ကန်တော်မင် ဧရိယာအတွင်းရှိ မကျီးကုန်းကျေးရွာအုပ်စုနှင့် မားသဲကျေးရွာအုပ်စုရှိ တောင်သူများအား မိုးရာသီ စိုက်ပျိုးချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ က အလက(၃)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးငွေအားထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်နှင့် ချေးငွေ၏တစ်နှစ်လျှင် ပြန်လည် ပေးသွင်းရမည့် အတိုးနှုန်းများကို မန်နေဂျာ ဒေါ်မာလာစိုး က ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ စိုက်ပျိုးငွေထုတ်ချေးရာတွင် စပါးစိုက်ကွက် (၁)ဧကလျှင် ချေးငွေ(၁၅၀၀၀၀)ကျပ် အားလည်းကောင်း၊ ပြောင်းစိုက်ကွက် (၁)ဧကလျှင် ချေးငွေ (၁၀၀၀၀၀)ကျပ်အား လည်းကောင်း၊ အများဆုံးစိုက်ပျိုးမြေ (၁၀)ဧက အထိ ထုတ်ချေးပေးလျက်ရှိရာ စိုက်ပျိုးချေးငွေ တစ်နှစ်အတိုးနှုန်း ၅% ဖြင့် ပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး မကျီးကုန်းကျေးရွာအုပ်စုရှိ တောင်သူ(၈၇)ဦးတို့အား စပါးစိုက်ကွက် ဧက (၄၁၂)ဧကနှင့် ပြောင်းစိုက်ဧက (၄၁)ဧကတို့အတွက် ထုတ်ချေးငွေ (၆၈၉)သိန်းကို လည်းကောင်း၊ မားသဲကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၂၀၁) ဦးတို့အား စပါးစိုက်ကွက်ဧက (၂၈)ဧကနှင့် ပြောင်းစိုက်ကွက်ဧက (၁၆၆၄)ဧကတို့အတွက် ထုတ်ချေး ငွေ (၁၇၀၆)သိန်း ကိုလည်းကောင်း စုစုပေါင်း စိုက်ပျိုးချေးငွေ (၂၃၉၅)သိန်းကို တောင်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)