ချီဖွေ စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်နှင့် အမျိုးသားရေး လက္ခဏာများ မပပျောက်စေရေး၊ မူလဌာနေ တိုင်းရင်းသားအမည်များဖြင့် မြို့တွင်းလမ်းအမည် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့တွင်းလမ်းအမည်ဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ ကြီးကြပ်မှု ဖြင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းတို့က ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အတည်ပြုခဲ့သော လမ်း(၁၆)လမ်း၏ အမည် ဆိုင်းဘုတ်တိုင်(၃၀)တိုင်အား စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုစိုက်ထူ ဆောင်ရွက်သည့် လမ်းအမည်များအား အမျိုးသားရေးလက္ခဏာများ မပပျောက်စေရေးနှင့် မူလဌာနေတိုင်းရင်းသား အမည်များဖြင့် မှည့်ခေါ်သတ်မှတ်နိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ မူလဌာနေ တိုင်းရင်းသားများဖြစ်သည့် လော်ဝေါ်၊ လာချိဒ်၊ လီဆူစသည့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများက ဝိုင်းဝန်းရွေးချယ်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အတည်ပြုခဲ့သော လမ်း(၁၆)လမ်း၏ လမ်းအမည် ဆိုင်းဘုတ်တိုင် (၃၀)တိုင်အား ယဉ်ကျေးမှု အဖွဲ့အစည်းနှင့် သီးခြားအလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်းကျပ် (၁၀)သိန်းဖြင့် စိုက်ထူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လမ်းဆိုင်းဘုတ် စိုက်ထူခြင်းအားဖြင့် မြို့အင်္ဂါရပ်နှင့် ညီညွတ် စေပြီး မိမိ တို့နေထိုင်သည့် နေရပ်လိပ်စာ မသိသော အခြားသူများမှ ရှာဖွေရန် လွယ်ကူစေမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဇောင်းရယ်က ပြောကြားခဲ့သည်။
နန်းမြင့်(မြို့နယ် ပြန်/ဆက်)