ဆွမ်ပရာဘွမ်မြို့နယ်၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှု မရှိစေရန် ခိုင်လုံမဲ ၊ ပယ်မဲ နမူနာပုံစံများ ရွေးကောက်ပွဲပြီးသည့်နေ့ထိ ကပ်ထားပေးမည်

ဆွမ်ပရာဘွမ်  စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်သူများ မဲပေးရာတွင် ဆုံးရှုံးမှု မရှိစေရန် ခိုင်လုံမဲ၊ ပယ်မဲ နမူနာပုံစံများကို ယမန်နေ့ နံနက် ၉ နာရီက ကပ်ထားပေးကြောင်း သိရသည်။

မဲနမူနာများ ကပ်ထားပေးခြင်းကြောင့် မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်အတွက် မိမိပေးလိုက်သည့် မဲတစ်ပြား အလဟသ မဖြစ်အောင် မှန်ကန်စွာမဲပေးတတ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားကောင်းတစ်ယောက်ရဲ့ တာဝန်အနေနဲ့ရော အခွင့်အရေးအနေနဲ့ပါ မှန်ကန်ထိရောက်ဖို့ အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဟာ အကောင်းဆုံးဖြစ်ကြောင်း၊ ဘာကြောင့် ခိုင်လုံမဲဖြစ်တယ်၊ ဘာကြောင့်ပယ်မဲဖြစ်သည် စသည်တို့အား သိရှိစေရန် မဲနမူနာပုံစံများဖြင့်  ကပ်ထားပေးခြင်း ဖြစ်ကြောင်း မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါမဲနမူနာပုံစံများကို စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲပြီးသည့်နေ့ထိ ကပ်ထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ်)