အင်ဂျန်းယန်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

အင်ဂျန်းယန် စက်တင်ဘာ ၁၆

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်နှင့် ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုအောက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးတို့အား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကွမ်ဂျီးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သော ဦးနိုင်ဂွမ်ဖန်းနော်နှင့် ဦးအူဆိန်းနော်ဘောက်က ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်နှင့် မဲစာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်တို့ကို သင်ကြား ပို့ချသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးနိုင်အောင်လင်းက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများဆိုင်ရာ ဘာသာရပ်ကို လည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ စိုင်းကောင်းစံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်(SOP)နှင့် ကျား/မ တန်းတူညီမျှရေး အသိပညာပေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ သင်ကြားပို့ချပြီး မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးတင်လင်းအောင်က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ ကြိုတင်မဲပေးခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တို့၏ လုပ်ငန်းလမ်းညွှန်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်းနှင့် မဲပေးခြင်းဆိုင်ရာ သရုပ်ပြ လေ့ကျင့်မှုများ သင်ကြားပို့ချသည်။

အဆိုပါ ဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁၅ ရက်မှ  ၁၆  ရက်နေ့ထိ (၂)ရက်တာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)