ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ရေး ညမထွက်ရအမိန့်အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပေးနှိုးဆော်

ချီဖွေ စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် ညမထွက်ရန်အမိန့်ရက်တိုး ထုတ်ပြန်ခြင်းကို ယမန်နေ့ည ၈ နာရီက မြို့ပေါ်ရပ်ကွက် လမ်းဆုံနေရာများ တွင် လိုက်လံအသိပေး ကြေညာခဲ့ကြသည်။

အဆိုပါ လိုက်လံအသိပေး ကြေညာပေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတို့က ပူးပေါင်း၍ ချီဖွေမြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ(၁၆)ရက်နေ့ မှစ၍ ညမထွက်ရန် အမိန့်ထုတ်ပြန်ချက်အရ ချီဖွေမြို့နယ် ဒေသခံ ပြည်သူများအနေဖြင့် အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှအပ နေ့စဉ် ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။

ဆက်လက်၍  ညအထွက်ရန် အမိန့်အမှတ် (၄၇/၂၀၂၀)အရ  နာရေးကိစ္စ၊ ကျန်းမာရေးနှင့် အရေးကြီးကိစ္စ ဆောင်ရွက်သူများမှအပ ည(၁၂)နာရီမှ နောက်နေ့နံနက်(၄)နာရီထိ ညမထွက်ရန်အမိန့် ရက်တိုး ထုတ်ပြန်ခြင်းနှင့် အများပြည်သူအကျိုးငှာ ရည်ရွယ် ထုတ်ပြန်ခြင်းဖြစ်သဖြင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ထိုအမိန့် ကြေငြာချက်များ သည် စက်တင်ဘာလ(၁၆)ရက်နေ့မှ စ၍(၂)လအထိ အတည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်သွားစေရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)