ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ရှမ်းရွာသစ် စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်မျိုးစိတ်သစ်" ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများသိရှိစေရန်အတွက် စကောကရင်ဘာသာနှင့်မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များနှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန်မျိုးစိတ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ဒေသနေပြည်သူများအနေဖြင့် မိမိ၏အိမ်အတွင်းသာ နေထိုင်ကြရန်၊ နေအိမ်အပြင်သို့ ထွက်ခွာပါက ပါးစပ်၊  နှာခေါင်းစည်းများများကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှ လာသောဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို တတ်နိုင်သလောက်ရှောင် ကြဉ်ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်းလက်များကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် မကြာခဏဆေးကြောကြရန် စသည့်ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)