နောင်မွန် စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာများသို့ ယနေ့နံနက် ၁၀ နာရီခန့်ကစတင်၍ ကွင်းဆင်းကာ ကျွဲ၊ နွား လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
နောင်မွန်မြို့နယ်တွင် ယခင်နှစ်များက ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ ဖြစ်ခဲ့ဖူးပါကြောင်း၊ ယင်းရောဂါသည် ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မိုးဦးကျ တောင်သူများ လယ်ယာလုပ်ငန်းခွင် ဝင်ချိန်တွင်အဖြစ်များ ကြောင်း၊ နောင်မွန်ဒေသအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ကျွဲ၊ နွားများကို အဓိက အသုံးပြုရသောကြောင့် ယင်းရောဂါ မဖြစ်အောင် တစ်နှစ်တွင်(၂)ကြိမ် ထိုးပေးရပါကြောင်း မြို့နယ် မွေး/ကုဦးစီးမှူး ဦးထီခန်ဆာရ်းက ပြောကြားခဲ့သည်။
နောင်မွန်မြို့နယ်၌ ကျွဲ၊ နွားကောင်ရေ (၃၀၀၀)ကျော်ခန့်ရှိပြီး ကျေးရွာအုပ်စုများအထိ ကွင်းဆင်းကာ လယ်ယာကဏ္ဍတွင် အဓိကအသုံးပြုသော ကျွဲ၊ နွားများကို ဦးစားပေး၍ ကာကွယ်ဆေးများ ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျွဲ၊ နွားအားလုံးကိုလည်း ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
မြနန်း(ပြန်/ဆက်)