ဟားခါး စက်တင်ဘာ ၁၅
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၆ဦးအား ရောဂါပိုးမတွေ့ရှိရသဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့ G.T.I ကျောင်း Facility Quarantine ၁၄ ရက်ပြည့်သူ ၆ ဦးကို Swab နမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုးမရှိသဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ Facility Quarantine ၁၄ ရက်ပြည့်၍ ပြန်လည်စေလွှတ်သူများမှာ ပြည်တွင်းရှိ ရခိုင်ပြည်နယ်စစ်တွေမြို့မှ ပြန်လာသူ ကျားအသက် (၃၂) နှစ်နှင့် မအသက်(၅၄)နှစ်၊ ရန်ကုန်မြို့မှ ပြန်လာသူ အသက်(၂၃)နှစ်၊ အသက်(၂၆)၊ အသက်(၂၆)၊ အသက်(၃၂) ကျား(၄)ဦး စုစုပေါင်း(၆)ဦး ဖြစ်ကြောင်း၊ Facility Quarantine မှ ပြန်လည်စေလွှတ်ခြင်းခံရသူများအား တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀) ကျပ်နှုန်းဖြင့် ၁၄ရက် အတွက် ငွေကျပ်စုစုပေါင်း ၁၉၄၀၀၀ ကျပ် နှင့် ကျန်းမာကြောင်း ထောက်ခံစာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မိမိအိမ်တွင် Home Quarantine ၇ ရက်ထပ်မံနေရန်များကို ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်ကော်မတီဝင်များက မှာကြားခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်အတွင်း Facility Quarantine ဝင်ရောက်ကျန်ရှိနေသူ ၇၁ ဦးရှိပြီး ပြည်ပနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ (၂)ဦး တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ (၂)ဦးနှင့် ပြည်တွင်း တိုင်းခြား၊ ပြည်နယ်ခြားမှ ပြန်လည် ဝင်ရောက်လာသူ (၆၇)ဦးဖြစ်ကြောင်း၊ အဆိုပါ ၇၁ ဦးအား ဟားခါးမြို့ G.T.Iကျောင်း Facility Quarantine တွင် (၂၆) ဦးနှင့် ဟားခါးတက္ကသိုလ် Facility Quarantine တွင် (၄၅)ဦး ထားရှိပြီး Swabနမူနာ (၂)ကြိမ်စီ စစ်ဆေးသွားပြီးနောက် ကိုဗစ် - ၁၉ ရောဂါပိုးမတွေ့ ရှိသူများအား Facility Quarantine ၁၄ ရက်ပြည့်လျှင် ပြန်လည်စေလွှတ်၍ Home Quarantine ၇ ရက် ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း နှင့် Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် လူငယ် Volunteer များပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀) ကျပ်နှုန်းဖြင့် ၁၄ ရက်အတွက် ငွေကျပ် ၄၉၀၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀ အထက် များအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)