ခေါင်လန်ဖူး စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ခေါင်လန်ဖူး မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန်ဟီးဗေးက အဖွင့်အမှာပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနန်ဇေ့ဖုန်ဂါရမ်မှ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းနှင့် ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်းက လုံခြုံရေးဆိုင်ရာ ကြိုတင် ပြင်ဆင်မှုများကို အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၈)ဦးက စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့် ကျင့်ဝတ်များ၊ ကော်မရှင်အဖွဲ့ခွဲ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်၊ မဲစာရင်းစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆိုင်ရာ၊ မီဒီယာနှင့် ဆက်သွယ် ပြန်ကြားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေငြာခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းနှင့် သရုပ်ပြအစီအစဉ် စသည့် သင်ခန်းစာများကို စက်တင်ဘာလ (၁၄) ရက်နေ့မှ (၁၅)ရက်နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်ကြား ပို့ချလျက်ရှိပြီး သင်တန်းပထမနေ့တွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့်၊ ရပ်ကွက်/ကျေးရွာအုပ်စု(၉) အုပ်စုမှ သင်တန်းသားများကို လည်းကောင်း၊ သင်တန်းဒုတိယနေ့တွင် ကျေးရွာအုပ်စု(၁၄)အုပ်စုမှ သင်တန်း သားများကို လည်းကောင်း နှစ်ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)