ပူတာအိုမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းပူးပေါင်းဆောင်ရွက်

ပူတာအို စက်တင်ဘာ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော် မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး ပြည်သူများသိရှိ လိုက်နာလာစေရန်အတွက်  အသိပညာပေးခြင်းနှင့် Mask များအခမဲ့ ဖြန့်ဝေခြင်းများကို ယ နေ့ နံနက်(၇) နာရီမှစတင်၍  မြို့မဈေး၊ လေယာဉ်ကွင်းဈေးနှင့် လူသွားလူလာများသော လမ်းဆုံလမ်းခွများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ယခုအခါ ကိုဗစ်−၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုနှုန်းမြင့်မား လာခြင်းကြောင့် Putao Dialogue Network အဖွဲ့မှတဆင့် ဒိန်းမတ်နိုင်ငံမှ ပူတာအိုမြို့နယ်အတွက် ပေးပို့လှူဒါန်း ခဲ့သော Mask ၇၅၀၀အနက်မှ(၁၅၀၀)ခန့်ကို ဈေးသူဈေးသားများ၊ ဈေး၀ယ်ပြည်သူ များနှင့် လမ်းသွားလမ်းလာပြည်သူများအား လက်၀ယ်အရောက်အခမဲ့ဖြန့်ဝေပေးခဲ့ကြသည့်အပြင် မိဘပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက Mask စနစ်တကျတပ်ဆင်သွားလာရေး၊ ဈေးရောင်းဈေး၀ယ် ပြည်သူများ အနေဖြင့် Mask တပ်ဆင်ပြီးမှသာ ရောင်း၀ယ်ရေး နှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာရမည့် အချက်များအား လိုက်နာခြင်းမရှိသူများအား သက်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါပူးပေါင်းအဖွဲ့များတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့်ကော်မတီ၀င်များ၊ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်း၊ Putao Dialogue Networkအဖွဲ့ နာယက ဦးစောနွဲ့သိုက်‌‌ရွှေနှင့် အဖွဲ့၀င်များ၊ထွေအုပ်၀န်ထမ်းများ၊ စည်ပင်၀န်ထမ်း များ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င် များနှင့်ကျန်းမာ ရေး၀န်ထမ်းများကပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်ပြီး Putao Dialogue Network အဖွဲ့မှတဆင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် ဒိန်းမတ်နိုင်ငံမှ ပူတာအိုမြို့နယ် အတွက်ပေးပို့လှူဒါန်းသော Mask (၇၅၀၀)မှ ကျန်ရှိသည့် Maskများကို ရပ်ကွက်/ကျေးရွာအုပ်စုများနေ  ပြည်သူများလက်၀ယ်အရောက် ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီထံမှသိရသည်။

ဖုန်ကန်(ပြန်/ဆက်)