ရှင်ဗွေယန် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကာလ အဖြစ် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း၊ လီဒိုလမ်းမကြီး တစ်လျှောက် ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား စည်ပင်သာယာစျေးအရှေ့၊ မြို့အဝင်ပူးပေါင်း စစ်ဆေးဂိတ်တွင် နေ့စဉ် နံနက် ၇ နာရီခွဲမှ ည ၉ နာရီထိ ခရီးသွားမှတ်တမ်းများ ကောက်ယူ စစ်ဆေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့အဆင့် စီမံခန့်ခွဲမှု ကော်မတီမှ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ် တပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများက ပူးပေါင်း၍ အလှည့်ကျ တာဝန်ဖြင့် လီဒိုလမ်းမကြီး၊ နမ္မတီး-တနိုင်း-ပန်ဆောင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသော ခရီးသွား ပြည်သူများအား လက်ကိုဆပ်ပြာဖြင့် ဆေးစေခြင်း၊ ခရီးသွားထောက်ခံစာနှင့် ခရီးသွားမှတ်တမ်းများ တောင်းခံ၍ စစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ ဆောင်ရွက်ပြီးမှသာ ဖြတ်သန်းသွားလာ ခွင့်ပြုကြောင်း သိရသည်။
ထို့ပြင် ရှင်ဗွေယန်မြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွါးမှု မရှိစေရေးအတွက် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးပေးပြီး မိမိတို့ နေရပ်ကို ပြန်လည်စေလွှတ်ခြင်း၊ အခြားမြို့ရွာများမှ ပြန်လည်ဝင်ရောက် လာသူများအား (Quarantine Center) သို့ ဝင်ရောက်စေခြင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ပူးပေါင်း စစ်ဆေးဂိတ်တွင် နေ့စဉ်မှတ်တမ်းရေးသွင်း စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)