ခေါင်လန်ဖူး၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေး၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း/ဈေးအပြင်တွင်ရောင်းချသည့် ဈေးသည်များအား သတ်မှတ်အကွာအဝေးအတွင်း ရောင်းချစေခြင်း၊ ဈေး သည်များနှင့် ဈေးသို့လာရောက်သူ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်း၊ နှာခေါင်းစည်း Mask မပါရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ဈေးအတွင်းသို့ လက်ဆေးပြီးမှသာဝင်ရောက်စေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိမိတို့အနေဖြင့် ခေါင်လန်ဖူးမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူများ အနေ ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လိုက် နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ်အတွင်းရှိ ဈေးသည်များ၊ ဈေးဝယ်သူပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ထုတ်ပြန်ထားရှိသော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်၍ ဖွင့်လှစ်ရောင်းချသွားရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ လုံခြုံ ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လိုက်နာခြင်းမရှိပါက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေါင်လန်ဖူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိ ဦးမေနောင်းဒီဆားရ်က ပြောပြခဲ့သည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)