ညောင်ဦး ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးသော်လည်း ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးထိုးနှံပေးလျက်ရှိပြီး ထပ်ဆောင်း Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာနမှတစ်ကြိမ်မှ ကာကွယ်ဆေးမထိုးနှံရသူများကိုလည်းထိုးပေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ထိုးနှံပေးခြင်း၊ ယခင်ဆေးထိုးပြီး ၆ လကြာလျှင် ထပ်ဆောင်း Booster ထိုးနှံပေးခြင်း၊ အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အတွင်း ကျောင်းနေသူ၊ ကျောင်းမနေသူ (အစိုးရကျောင်းတက်သူ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတက်သူ၊ ကိုယ်ပိုင်ကျောင်းများတက်သူ) အားလုံး ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းဖြင့် ကိုဗစ်ရောဂါကြောင့် အသက်ဆုံးရှုံးခြင်းအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသည့် ထပ်ဆောင်း Booster Dose ဆိုသည်မှာ ယခင် ကိုဗစ် ကာကွယ်ဆေးတစ်မျိုးမျိုး ဘယ်ဆေးကိုပဲဖြစ်ဖြစ် သုံးလမှခြောက်လအကြာမှာ နောက်ထပ် တစ်ကြိမ် ထပ်ဆောင်းထိုးတာကိုခေါ်တွင်ကာ ပထမ Booster ထိုးပြီး နောက်ခြောက်လအကြာ Booster ကာကွယ်ဆေးထပ်မံထိုးရမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရှင်းပြသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး/မပြီးနှင့် ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်များရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား မြို့အဝင်အထွက်ဂိတ်တွင် ချက်ခြင်းထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမျာပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရှိ ပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး စစ်ဆေးကြီးကြပ်ထိုးနှံပေးလျက်ရှိကြောင်း သိရကာ ညောင်ဦးလေဆိပ်လမ်းဆုံ၊ ညောင်ဦး-ချောက်သွားကားလမ်း လောကနန္ဒာဥယျာဉ်ဂိတ်၊ ညောင်မဦး-မြင်းခြံ လက်ပံခြေပေါ်ဂိတ်၊ မဏိစည်သူဈေးနှင့် ဘုဉ်းစဉ်အခွန်လွတ်ဈေးနေရာများတွင် Mobile ပူးပေါင်းအဖွဲ့က စစ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ