ထားဝယ်မြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်

ထားဝယ် သြဂုတ် ၁၆

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲကတနင်္သာရီ တိုင်းဒေသကြီး၊   ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် တောင်ကုန်းတောင်တန်းများ ထူထပ်ပြီး အပူချိန်မြင့်မားကာ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သဖြင့် မီးဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ ရေဘေးနှင့် မုန်တိုင်းဒီရေများ ရိုက်ခတ်မှုများ ကြုံတွေ့နိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တနင်္သာရီတိုင်းဒေသကြီး၌ မီးဘေး (၉) ကြိမ်၊ ရေဘေး (၁) ကြိမ်၊ လေဘေး(၁၄) ကြိမ်၊ မိုးကြိုးဘေး (၂) ကြိမ်၊ မြေပြိုဘေး (၁) ကြိမ်နှင့် (အခြား) ဘေး (၁) ကြိမ်၊ စုစုပေါင်း (၂၈) ကြိမ်ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၄၇.၉၃၆) ကျပ် သန်းဆုံးရှုံးခဲ့ရကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ဘက်စုံထောင့်စုံ၊ ကဏ္ဍစုံကနေပြီး အရှိန်အဟုန်ဖြင့် အင်တိုက်အားတိုက်  ကြိုးပမ်း ဆောင်ရွက်နေသော အချိန်တွင် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ အဟန့်အတားများ မဖြစ်ရအောင် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများကို နိုင်ငံတော်နှင့်ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သင်တန်းက ပို့ချပေးလိုက်သော သင်ခန်း စာများကို မိမိတို့၏ဌာနအလိုက် ဆောင်ရွက်သော လုပ်ငန်းနယ်ပယ်များတွင် အသုံးချနိုင်ရေးအတွက် အလေးထား သင်ကြားသွားရန်လိုအပ်ကြောင်း၊ သင်တန်းသား/ သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအား ထည့်သွင်းရေးဆွဲနိုင်မည့်အပြင် ဝန်ထမ်းများ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာမှာဖြစ်သည့်အပြင် ဘေးကင်း လုံခြုံပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူမှုအသိုက်အဝန်းကို ထူထောင်နိုင်ကြမှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး သင်တန်းသားဝန်ထမ်း (၃၀) ဦးအား သြဂုတ် ၁၈ ရက်နေ့အထိ သင်ကြားပို့ချပေးမှာ ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို စီမံခန့်ခွဲရာတွင် ပါဝင်နေသော ခေါင်းဆောင်မှုဆိုင်ရာအပိုင်းများ၊ ပြဿနာအဖြေရှာမှုဆိုင်ရာ စွမ်းဆောင်ရည်များ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိတရားများ၊ အစီအမံများ စသည်တို့ကို သိရှိနားလည်စေရန် အဖွဲ့လိုက်ဆောင်ရွက် လေ့လာမှုများလည်း ပါဝင်ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်ဆက်)