သရက်ချောင်းမြို့နယ်၊ အထက-သရက်ချောင်းကျောင်း၌ မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

သရက်ချောင်း ဩဂုတ်  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အထက-သရက်ချောင်း)၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါ ကျောင်း၏ ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော် ဦးဆောင်တပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်း သားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ထွန်းအောင်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာများကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လမ်းမှားသို့ မရောက်ရှိအောင်သွန်သင်ဆုံးမ လမ်းညွှန်မှုများဖြစ်ကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည်အတိုင်း နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရမည့်သားကောင်း၊ သမီးကောင်းရတနာလေးများ ဖြစ်ကြပါစေလိုကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေးခေါင်းစဉ်ဖြင့် သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်း၊ စခန်းမှူး ဒု-ရဲမှူးနေမင်းစိုးကလည်းကောင်း​၊ မှုခင်းကျ ဆင်းရေးနှင့်တရားဥပဒေ စိုးမိုးရေးခေါင်းစဉ်ဖြင့် ဒု-ရဲအုပ် နန်းဝင်းကလည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဒု-ရဲအုပ်ထူးဇော်ဟိန်းကလည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးခေါင်းစဉ်ဖြင့် ဒု-ရဲအုပ်ကျော်မင်းခိုင်က လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)