ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) စတင်ထိုးနှံပေး

ငါန်းဇွန်  ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာ များအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) စတင်ထိုးနှံပေးရာ ယမန်နေ့ နံနက်၉နာရီမှစ၍ မြို့မဇုံ၊ ခြင်္သေ့လက်ဇုံနှင့် ဂျိုဇုံတို့မှ စုစုပေါင်း (၁၀၀၅)ဦး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)