ပုဗ္ဗသီရိမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာအုပ်စု နေပြည်တော်ကောင်စီ လမ်းဘေးရှိ ဧက(၅၀၀)ကွင်းအတွင်းရှိ၊ ကွင်းအမှတ် (၁၆၃၆က) တောင်သူ ဦးတင်ထွန်းအပိုင် လယ်(၅)ဧကပေါ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ပူပေါင်းဆောင်ရွက်သည့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာစက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးနိုင်ဦးက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းထိန်က မိုးစပါးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာ၌ “ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းမှာ လုပ်အားခသက်သာခြင်း၊ ပေါင်းမြက်ရှင်း လင်းခြင်း၊ စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေနှင့် ကောက်စိုစက်ဖြင့် တွဲသုံးသည့် ဆေးဖြန်းစက် (Transplanter Mounted Boom Sprayer )အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးဦးနိုင်ဦး၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဝင်းထိန်က၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာများရှိ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)