မိုင်းယောင်း ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် “သဘာဝဘေးကြို တင်ပြင်ဆင်”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုအန္တရာယ်မှ ကင်းဝေးအောင် လူသားတို့အနေဖြင့် ကြိုတင် ကာကွယ်ခြင်းဖြင့်သာ အနိုင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်း တွက်ဆနိုင်သော်လည်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိလျှင် ထိခိုက်ပျက်စီးမှုများ ပိုမိုဖြစ်ပွားနိုင်ပါကြောင်း၊ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများကသာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကို အနိုင်ယူနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဖြစ်ပေါ်တတ်သော ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းများ ကျရောက်တတ်ခြင်း တို့အတွက် ကြိုတင်ပြင်ဆင်ထားခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်း၊ ပညာပေးဟောပြောခြင်းတို့ကို အစီအမံများချမှတ်ကာ ဆောင်ရွက်ထားသင့်ပါကြောင်း၊ မတော်တဆ သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်ပါက ရှောင်ရန်၊ ဆောင်ရန်များ သိရှိထားသင့်ပါကြောင်း၊ သို့မှသာ သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။ ယင်းနောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က ဆက်လက်ဆွေးနွေးကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း