ကျွန်းစု ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်တရားမဝင်စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန့်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမင်းဝေယံဦး၊ မြို့နယ်မီးသတ်စခန်းမှူး ဦးဝင်းဇော်မိုးနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးမှုပြုလုပ်ရာတွင် စက်သုံးဆီများရောင်းချမှု ရပ်တန့်မှုမရှိစေရေး၊ အကန့်အသတ်ဖြင့်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျွန်းစုမြို့နယ်တွင် ယမန်နေ့က စက်သုံးဆီအရောင်းဆိုင်များက ဓာတ်ဆီ(၁)ပေပါလျှင် ကျပ်(၆)သိန်းကျော်ခန့်ဖြင့် ဝယ်ယူနေရကြောင်း၊ ရောင်းချရာတွင် ဓာတ်ဆီ(၁)လီတာလျှင် (၂၉၀၀/၃၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း၊ ဓာတ်ဆီများသိုလှောင်ရောင်းချနေမှုမရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)