ရန်ကုန် ဩဂုတ် ၁၅
၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်း၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့မှ ကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ အနုပညာချစ်မြတ်နိုးသူ ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီ ဦးသန့်ဇင်နှင့် အဆိုအကဲဖြတ်ပညာရှင် စာဆိုတော်သန်းထွန်းလေးတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တေးသံရှင်ရွှေယမင်းဦး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သဘင်ပညာဌာနမှ နည်းပြဆရာ/ဆရာများဖြစ်ကြသည့် နိုင်ငံတော်ရွှေတံဆိပ်(၁၉)ဆုရှင် ရုပ်သေးပညာရှင် ဒေါ်မေသူဝင်းနှင့် နိုင်ငံတော်ရွှေတံဆိပ်(၅)ဆုရှင် ဦးအောင်သန်းဝင်းတို့မှ ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြောက်ပိုင်းခရိုင် ကိုယ်စားပြု (လျှမ်းပဝေလှိုင်မြောက်ပိုင်းခရိုင်) တေးသီးချင်းအား မဟာရန်ကုန်ပြည်ချစ်မယ် ပေါက်ကျော်မနှင့်အဖွဲ့မှ မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် တီးခတ်ဖျော်ဖြေခြင်း၊ မှော်ဘီမြို့နယ်မှ ဦးစန်းကြိုင် ဦးဆောင်သော ပြိုင်ပွဲဝါသနာရှင် ဒိုးပတ်အဖွဲ့မှ လက်စွမ်းပြ တီးခတ်ဖျော်ဖြေခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်း၊ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်များက အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအလိုက် အသီးသီးယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဆပ်ကော်မတီဝင်များက ကြည့်ရှုအားပေးကြသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် ၂ဝ၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို အင်းစိန်ခန်းမ၌ ယနေ့မှ ဩဂုတ်(၁၆)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပြိုင်ပွဲတွင် ၂၃ဦး၊ အကပြိုင်ပွဲတွင် ၇ ဦး၊ အရေးပြိုင်ပွဲတွင် ၃ ဦး၊ အတီးပြိုင်ပွဲတွင်၂၀ ဦး စုစုပေါင်း ၅၃ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
ဇွဲထက်ကို၊ ဇင်မင်းထိုက်(ပြန်/ဆက်)