ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယခင်ကမ်းပါးပြိုသည့်နေရာ ထပ်မံပြိုကျမှု ဖြစ်ပွား

ဆဒုံး၊ စက်တင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲ ချိန်ခန့်တွင် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းသွားလမ်းမကြီးတံတား ညီနောင်အနီး ယခင်ကမ်းပါးပြိုကျသည့်နေရာ ကီလိုမီတာ (၉၀/၉၁) ကြား လမ်းမ၏ယာဘက်ခြမ်းတွင် တောင်ကမ်းပါးပြိုကျလာမှု​ကြောင့် အလျား(၁၅၀) ပေ၊ အနံ(၂၅) ပေ၊ အမြင့် (၁၅) ပေခန့်ရှိ မြေစာနှင့်ကျောက်ခဲများ ပိတ်ဆို့သွားသဖြင့် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် ပိတ်ဆို့သွားသည့်နေရာအား ရှင်းလင်းနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်း ပြုပြင်​ထိန်းသိမ်းရေးတာဝန်ယူထား​သည့် ထိန်မိန်ကုမ္ပဏီမှတာဝန်ရှိသူများအား ဆက်သွယ် အကြောင်းကြားထားကြောင်း သိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)