လားရှိုးမြို့တွင် မိုင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

လားရှိုး ဩဂုတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းအန္တရာယ် အသိပညာပေးဟောပြောခြင်းကို လားရှိုးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ လိုက်လံဟောပြော အသိပညာပေးနေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့တွင် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ဩဂုတ်လ ၁၄ ရက်နေ့တွင်  အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့တွင်  အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

မိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းကို လားရှိုးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးဟိန်းထက်နိုင် က “မိုင်းကြောင့်ဖြစ်လာမည့် ထိခိုက်ဒဏ်ရာများကို ရှေးဦးပြုစုခြင်း”၊ ဒုတပ်ခွဲမှူး မဆောင်းဟေမာန်ထွန်းတို့က  “ မိုင်းအန္တရာယ်အကြောင်း” ကို အသိပညာပေးဟောပြောခဲ့ကြသည်။

လားရှိုးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောခြင်းများကို စနေအပတ်စဉ်တိုင်းတွင် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လိုက်လံအသိပညာပေး ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)