မြစ်သားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ငွေများထုတ်ချေး

မြစ်သား သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စိုက်ပျိုးရေးတောင်သူများ မိုးရာသီကာလတွင် မိုးစပါးနှင့်အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလမှ စက်တင်ဘာကာလအတွင်း မြစ်သားမြို့နယ်ရှိ ကျေးရွာများသို့ စိုက်ပျိုးရေးတောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၄)အုပ်စု အဖွဲ့ဝင်တောင်သူ (၃၂၉)ဦးတို့ကို ငွေကျပ်သိန်းပေါင်း(၂၃၇၀)သိန်းကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်တောင်သူတစ်ဦးလျှင် တစ်ဧက(၁၅၀၀၀၀)ခွဲကျပ်ထုတ်ချေးပြီး အခြားသီးနှံများအတွက် ထုတ်ချေးငွေ တစ်ဧက(၁၀၀၀၀၀)ကျပ်နှုန်းကိုလည်း ထုတ်ချေးပေးနေကြောင်း မြစ်သားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတာဝန်ရှိသူထံမှ သိရသည်။

ရဲနိုင်ဦး(မြစ်သား)