ကျိုင်းတုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ နေအိမ်နှင့်အတူ မျောပါသေဆုံးခဲ့သူ နှစ်ဦး၏ မိသားစုဝင်များအား ထောက်ပံ့ပေးအပ်

ကျိုင်းတုံ ဩဂုတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်း၍ နေအိမ်နှင့်တူ မျောပါသေဆုံးခဲ့သူ နှစ်ဦး၏ မိသားစုဝင်အား ထောက်ပံ့ငွေ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများကို ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာ ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက  ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ဝမ်ဆန်ရွာတွင် ဩဂုတ် ၁၃ ရက်က မိုးသည်းထန်စွာရွာသွန်း၍  နေအိမ်နှင့်အတူမျောပါ သေဆုံးခဲ့သူနှစ်ဦးအတွက် ထောက်ပံ့ငွေကျပ် ၆ သိန်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများကို ကျန်ရစ်သူ ရေဘေးသင့်မိသားစုထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့် မိသားစုဝင်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပေးသော မိသားစုသုံးပစ္စည်း(၁)စုံနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း(၁)စုံကို ကျိုင်းတုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ယမန်နေ့က သွားရောက်ကူညီ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)