မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မိတ္ထီလာ ဩဂုတ် ၁၅

မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော်ဇေယျက အမှာစကားပြောကြားရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့များအားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်နိုင်ရေးအတွက် ဆက်လက်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည့် အသင်းများမှာ တိုင်းဒေသကြီးသို့ လျှောက်လွှာများတင်ပြချိန်တွင် အချိန်မီလျှောက်လွှာများတင်ပေးသည့် လူမှုရေးအသင်းများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လျှောက်လွှာတင်ပြချိန် နောက်ကျကျန်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့များကိုလည်း ဆက်လက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော လူမှုရေးအသင်းအဖွဲ့များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးက လူမှုရေးအသင်းအဖွဲ့များအား ကျေးဇူးတင်စကားပြောကြားသည်။ ထိုနောက် မြို့နယ်အတွင်း ကိုဗစ်၁၉- ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များထံသို့ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်တီမှပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ