နမ္မတူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း အရှိန်အဟုန်မြင့်ဆောင်ရွက်

နမ္မတူ ဩဂုတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယဉ်မတော်တဆမှုများ လျော့နည်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေးရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်နှင့် အမှုဆောင်အရာရှိ ဦးဂွမ်ဂျာနော်တို့က အနီးကပ်ကြီးကြပ်လျက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ လှုပ်ရှားသွားလာလျက်ရှိသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား တားဆီး၍ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါပြည်သူများများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့အပြင် ယဉ်မောင်းသူများလိုက်နာရန် အချက်(၁၇)ချက်၊ လမ်းဖြတ်ကူးပါက ကြည့်ရှုရမည့်အချက်များ၊ သင့်ခရီးစဉ်သာယာစေရန် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်လျှင် ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ယာဉ်စည်းကမ်းလိုက်နာကြပါစို့ စသည့် အကြောင်းအရာများပါဝင်သော ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေး လက်ကမ်းစာစောင် (၁၀၀)စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)