ပုပ္ပားဂေါက်ကွင်းတွင် ကျောက်ပန်းတောင်း-တောင်သာ စကားဝါမြေမုတ်သုံရာသီဂေါက်ရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ကျောက်ပန်းတောင်း ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း-တောင်သာ စကားဝါမြေမုတ်သုံရာသီဂေါက်သီးရိုက်ပြိုင်ပွဲကို၊ ယမန်နေ့နံနက်(၇)နာရီမှစတင်၍ ပုပ္ပားဂေါက်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ ဆုချီးမြှင့်ပွဲကို ညနေ(၄)နာရီတွင် ပုပ္ပား ROYAL VIEW POINT HOTEL တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဂေါက်ကလပ်အဖွဲ့နှင့် တောင်သာမြို့နယ် ဂေါက်ရိုက်အသင်းတို့ပူးပေါင်းကျင်းပသည့် စကားဝါမြေမုတ်သုံဂေါက်သီးရိုက်ပြိုင်ပွဲကို ကိုဗစ်ကာလတွင် ရပ်နားထားခဲ့ရသည့် ဂေါက်သီးရိုက်အားကစားကို ယခုကဲ့သို့ ပြန်လည်ကျင်းပခြင်းဖြင့် ဂေါက်သီးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပြန်လည်တွေ့ဆုံနိုင်ကြပြီး၊ မိမိတို့အားကစားအတွေ့အကြုံများကို ပြန်လည်မျှဝေကြစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးမှုရရှိစေရန်၊ ပုပ္ပားဂေါက်ကွင်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသင်းဝင်အားကစားသမားတိုးပွားလာ စေရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်သိရပြီး၊ အဆိုပါ ပြိုင်ပွဲကို ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်နှင့် တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံသူရတို့က ဦးစီးကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ်နှင့် တောင်သာမြို့နယ်တို့မှ ဂေါက်သီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပြိုင်ပွဲများ ယှဉ်ပြိုင်ပြီးစီးခဲ့ကြောင်း သိရသည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ပုပ္ပား ROYAL VIEW POINT HOTEL တွင် ပြုလုပ်ရာ၊ ဂေါက်ရိုက်အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် (0-18)နှင့်(19-24) အတွက် Winner ဆု ၊ 1st Runner ဆု၊ 2nd Runner ဆု၊ Near Pin ဆု၊ Longest Drive ဆု၊ Near Line ဆု အစရှိသည့်များကို (0-18)အတွက် (၁)ဆုနှင့် (19-24) တန်း အတွက်(၁)ဆုဖြင့် တစ်မျိုးလျှင်(၂)ဆုစီဖြင့် စုစုပေါင်းဆု(၁၈)ဆုကို ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံသူရနှင့် ပြိုင်ပွဲကြီးကြပ်သူများ၊ ပံ့ပိုးကူညီသူများက အသီးသီးပေးအပ်ချီးမြှင့်ကြရာ ဆုရရှိသည့် အားကစားသမားများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ ကျောက်ပန်းတောင်း-တောင်သာ ဂေါက်သီးအားကစားမားများ စုပေါင်းကျင်းပသည့် စကားဝါမြေမုတ်သုံရာသီဂေါက်သီးအားကစားပြိုင်ပွဲသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ တောင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံသူရနှင့် အဖွဲ့ဝင်ဂေါက်သီးအားကစားသမားများ၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဂေါက်ကလပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ကစားသမားများ၊ စုစုပေါင်း(၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)