တာချီလိတ် ဩဂုတ် ၁၄
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့ မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် မြို့တွင်း နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်သွားလာရေး ပြတ်တောက်ခဲ့ကာ ရေဘေးနှင့်ကြုံတွေ့ခဲ့ရသဖြင့် ကယ်ဆယ်ထောက်ပံ့ရေးစခန်းကို ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးလုပ်းငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရေဘေးအရေးပေါ်ကယ်ဆယ်ရေးစခန်းကို အောင်မြတ်ခန်းမ၊ ခရိုင်စုပေါင်းရုံးနှင့် အားကစားရုံတို့၌ ဖွင့်လှစ်ထားကာ ရေဘေးဒုက္ခသည်များအတွက် ထောက်ပံ့ကူညီနိုင်ရေး လက်ခံဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာရှင်ပြည်သူများမှ လာရောက်လှူဒါန်းပေးသည့် ကယ်ဆယ်ရေးပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေးဌာမှ ဝန်ထမ်းများက လက်ခံဆောင်ရွက်လျက်ရှိပြီး ရေဘေးကြုံတွေ့နေရသော နေရာဒေသများမှ ကယ်ဆယ်ရေးလုပ်းငန်းများ ဆောင်ရွက်လျက်ရှိသော ပရဟိတအသင်းမှတာဝန်ရှိသူများကို စနစ်တကျထုတ်ပေးလျက်ရှိသည်။
စေတနာရှင်ပြည်သူများက အလှူငွေများ၊ ထမင်းထုပ်၊ ပေါင်မုန့်အမျိုးမျိုး၊ မားမားခေါက်ဆွဲနှင့် သောက်ရေသန့်များကို နေ့စဉ်လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း၊ အောင်မြတ်ခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းမှတဆင့် ယမန်နေ့က ထမင်းထုပ်(၄) ထောင်ကျော်၊ သောက်ရေသန့် (၅)ရာကတ်တို့ကို ထုတ်ပေးနိုင်ခဲ့ပြီး ယနေ့တွင်လည်း လာရောက်လှူဒါန်းပေးလျက်ရှိရာ ထမင်းထုပ် (၂)ထောင်ကျော်နှင့် သောက်ရေသန့်( ၅)ရာကတ်ကျော်ကို လက်ခံရရှိပြီဖြစ်ကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)