ဟိုပန် ဩဂုတ် ၁၄
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်း စားသုံးဆီဖူလုံ စေရန်နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင် စေရန်အတွက် မိုးနှောင်းကာလ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို ယနေ့ နံနက်ပိုင်းက ဟိုပန်နယ်စပ် ဘိန်းအစားထိုးခြံတွင် တစ်ဧကနှင့် တောင်သူ ဦးစိုင်းအိုက်လိတ်၏ မိုင်မန်ကွင်းတွင် တစ်ဧက စုစုပေါင်း နေကြာမျိုးစေ့ထုတ်စံပြကွက် (၂)ဧကတို့၌ လက်တွေ့ စိုက်ပျိုးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုံညှင်းနှင့် ပန်းနှမ်းများ တိုးချဲ့စိုက်ပျိုးရန် လိုအပ်လျက်ရှိပြီး နေကြာသီးနှံကို ယခင်နှစ်မိုးရာသီတွင် စိုက်ပျိုးခြင်းမရှိသော် လည်း ယခု ၂၀၂၂ ခုနှစ် မိုးရာသီတွင် ပညာပေးစံပြကွက် (၁၆)ဧက၌ လက်တွေ့စိုက်ပျိုးပြသနိုင်ခဲ့၍ ဆောင်းရာသီတွင် ထပ်မံတို့ချဲ့စိုက်ပျိုးရန် မျိုးကောင်း မျိုးသန့်များရရှိရန် လိုအပ်ခြင်းကြောင့် ယခုလို နေကြာမျိုးစေ့ထုတ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးက ပြောကြားသည်။
ယခု စိုက်ပျိုးသည့် နေကြာမျိုးစေ့သည် စိုက်ပျိုးချိန် သုံးလခန့်အကြာတွင် နေကြာရေဆင်း စပ်မျိုး(၁)မျိုးစေ့ ရရှိလာမှာဖြစ်ပြီး တစ်ဧကမှ ထွက်ရှိလာမည့် မျိုးစေ့များသည် ဧက(၅၀) စိုက်ပျိုးနိုင်မည်ဖြစ်ကာ ယခုစိုက်ပျိုး သည့် နှစ်ဧကမှ ထွက်ရှိလာမည့် မျိုးစေ့များကို ဟိုပန် မြို့နယ်အတွင်းရှိ တောင်သူများအား ဖြန့်ဝေပေး သွားမှာဖြစ်ပြီး ဆောင်းရာသီတွင် နေကြာသီးနှံဧက (၁၀၀)စိုက်ပျိုးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက်ရှင်းလင်းပြောကြား သည်။
အဆိုပါ မိုးနှောင်းကာလ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးသည့် စံပြကွက်များသို့ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်က အနီးကပ်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများအား နေကြာမျိုးစေ့ထုတ် စိုက်စနစ်နည်းပညာများကို ရှင်းလင်းပြသ၍ လက်တွေ့စိုက်ပျိုး ပြသခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)