နောင်ချို ဩဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မျက်ချင်းနုမူလွန်ကျောင်း၌ လည်းကောင်း၊ နေ့လယ် ၁ နာရီအချိန်က ကျောက်တော အ.လ.က ကျောင်း၌လည်းကောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးစစိုးမင်းချစ်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ မျက်ချင်းနုမူလွန်ကျောင်းမှ ဆရာ/မများ၊ ကျောင်းသား၊ကျောင်းသူ (၈၅)ဦး၊ ကျောက်တော အ.လ.ကကျောင်းမှ ဆရာ/မများ၊ ကျောင်းသား၊ကျောင်းသူ(၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)