တာချီလိတ် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာယနေ့နံနက် အစောပိုင်းမှစ၍ မိုးရွာသွန်းမှုရပ်တန့်ပြီး ရေများပြန်လည်ကျဆင်းလျက်ရှိရာ သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် တာချီလိတ်မြို့နှင့် အထက်ပိုင်းတောင်ပေါ်ဒေသတို့၌ မိုးများအဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး တောင်ကျရေများကြောင့်မြို့တွင်း ရပ်ကွက်များတွင် ရေကြီးရေလျှံဖြစ်ခဲ့ကာ ရေလွမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ပြီး ရေဘေးဒုက္ခကြုံတွေ့ခဲ့ရကာ တာဝန်ရှိသူများမှ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။
အောင်မြတ်ခန်းမ ရေဘေးကယ်ဆယ်စခန်းမှ ယမန်နေ့တွင် ထမင်းထုတ်(၄)ထောင်ကျော်နှင့် သောက်ရေသန့်(၅၀၀)ကဒ်ကို ရေဘေးကြုံတွေ့နေရသော ပြည်သူများနှင့်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသော ပရဟိတအသင်းများ၊ ဘော်လတီယာသမားများအတွက် ပေးဝေနိုင်ခဲ့ကြောင်း၊ စေတနာရှင်ပြည်သူများနှင့် လုပ်ငန်းရှင်များမှ မိမိတို့တပိုင်တနိုင် ရေဘေး ကြုံတွေ့နေရသော ပြည်သူများထံ အရောက်သွားရောက် ထောက်ပံ့ပေးဝေခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
မိုးများရွာသွန်းမှုရပ်တန့်ပြီး ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းလျက်ရှိရာ လမ်းပန်းဆက်သွယ်ရေးများ ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိနေလျက် ယနေ့နံနက် ၈ နာရီအချိန်မှစ၍ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များက ရပ်ကွက်များအတွင်း အမှိုက်များ ရှင်းလင်းခြင်း၊ ရွှံ့နွံများဆယ်ယူ ဆေးကြောခြင်းများကို စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)