ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ် နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲအတွက် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် အဆိုရှင်များ ရွေးချယ်ဆုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား သြဂုတ် ၁၄

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကချင်ပြည်နယ်အတွင်းရှိ ဝါသနာရှင်များအတွက် သီချင်းဆိုပြိုင်ပွဲနှင့် လူရွေးချယ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါတေးသီချင်းဆိုပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တေးသီချင်း ဆို ဝါသနာရှင် လူငယ်၊ မောင်မယ်များအနေဖြင့် ပြည်နယ်ကိုယ်စားပြုရွေးချယ်သွားမည်ဖြစ်သည့်အတွက် အကောင်းဆုံးယှဉ်ပြိုင်ကြရန်နှင့် ပြည်နယ်ကိုယ်စားပြု ရွေးချယ်ခံရသူများကိုလည်း မိမိတို့ အနေဖြင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် သီချင်းဆိုပြိုင်ပွဲဒိုင်ချုပ် ဦးG-ဇုန်းကိက ပြိုင်ပွဲစည်းကမ်းဆိုင်ရာများ၊ ကျင်းပသွားမည့် အစီအစဉ်များနှင့် ပြည်နယ်ကိုယ်စားပြုရွေးချယ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင် ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ပြည်နယ်အတွင်းရှိ ပြိုင်ပွဲဝင်တေးသီချင်းဆို ဝါသနာရှင်များ ၏ သီဆိုယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဒိုင်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်များ၏ သီဆိုယှဉ်ပြိုင်မှု ကို အကဲဖြတ်စိစစ်ရွေးချယ်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သီချင်းဆိုပြိုင်ပွဲအတွက် တီးခတ်ပေးသည့် ဂီတာပညာရှင်အားလည်းကောင်း၊ ကချင်ပြည်နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ၊ တေးရေးဆရာအဆိုတော် ဦးဖော်လားဂမ်ဖန်က ဒိုင်အဖွဲ့ဝင်များအား လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲဝင်သူများနှင့် နှစ်သိမ့် ဆုရရှိသူများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒိုင်အဖွဲ့မှ အကဲဖြတ်စိစစ်ရွေးချယ်ထားသည့် “တူယှဉ် နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲအတွက် ပြည်နယ်ကိုယ်စားပြုရွေးချယ်ခံရသည့် ပြိုင်ပွဲဝင် (၃)ဦး တို့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်