လှိုင်းဘွဲ ဩဂုတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် ကျောင်းသား၊ကျောင်းသူများ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို သိရှိနိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ဒိုင်းပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းရန်နောင်က ကလေးသူငယ်များအနေဖြင့် ရရှိသည့်အခွင့်အရေးများကို ကိုယ်တိုင်သိရှိနားလည်ခြင်း၊ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ သဘောတူစာချုပ် အခြေခံမူ(၄)ရပ်၊ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ လိုက်နာဆောင်ရွက်ရမည် တာဝန်(၅)ရပ်၊ ဥပဒေပြဋ္ဌာန်းခြင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားကောင်မတီနှင့်လုပ်ငန်းကောင်မတီဖွဲ့စည်းခြင်း စသည့်အကြောင်းအရာများကို အသိပညာ ပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီက ဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး အန္တရာယ်များ ဆောင်ရန်/ရှောင်ရန်အချက်များ၊ သတိပြုရမည့် အချက်များကို အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဘားအံခရိုင်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းလုံးလုံးခိုင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပြီး ကလေးသူငယ်အခွင့်အရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)