မိုးညှင်း ဩဂုတ် ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး အတီးပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီမှစတင်၍ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကျင်းပရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ကျွန်တော်တို့ရဲ့ဘိုးဘွားများ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ် များကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ယခုလိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက်အခမ်းအနားတွင် ဒိုင်ကော်မတီအဖွဲ့မှ နှလုံးသားကိုအလှဆင်မယ် တေးသီးချင်းဖြင့် လည်းကောင်း၊ အဆိုဝါသနာရှင် အကဝါသနာရှင်များမှ သီဆိုကပြဖျော်ဖြေခဲ့ကြပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ဆက်လက်ကျင်းပကြရာ ပြိုင်ပွဲဝင်စုစုပေါင်း (၂၇)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)