သရက်ချောင်း ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့်ဘက်စုံစံပြကျေးရွာရှိတောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာများစျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးဇော်ဦး၊ သရက်ချောင်းမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်အောင်၊ သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဂင်ဂင်ကြူ၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာသရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်းက နိုင်ငံတော် အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိ စေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး ထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊ သီးနှံထွက်ကုန်များ အရည်အသွေး ကောင်းမွန်စေရေး ဆောင်ရွက်မှုနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင် ရွက်သွားကြဖို့လိုကြောင်းနှင့် ၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် ဘက်စုံစံပြကျေးရွာရှိတောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများကို တာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း၊ သရက်ချောင်းမြို့နယ် အတွင်းရှိ ၂၀၂၂ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် ဘက်စုံစံပြကျေးရွာရှိ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် (၃၇၅၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၂၄၀)အိတ်ကို ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သိရှိရသည်။
နန်းခလိုက်(သရက်ချောင်း)