သီပေါ သြဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မြို့နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲအမျိုးသမီးပွဲစဉ်တွင် အ.ထ.က(၁)အသင်းနှင့် အ.ထ.က ကုန်းသာအသင်းတို့ယှဉ်ပြိုင် ကစားခဲ့ကြရာ (၅)ဂိုး(၂)ဂိုးဖြင့် အ.ထ.က(၁) အမျိုးသမီးအသင်းမှ အ.ထ.က ကုန်းသာအသင်း အမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့ပြီး အမျိုးသားပွဲစဉ်တွင် အ.ထ.က(၁)အသင်းနှင့်အ.ထ.က(၃)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ (၅)ဂိုး(၂)ဂိုးဖြင့် အ.ထ.က (၃)အမျိုးသားအသင်းမှ အ.ထ.က(၁) အမျိုးသားအသင်းအား အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ သီပေါမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၆)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော အ.ထ.က-၃ အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက ငွေသားဆုနှင့်ဆုဖလားအား ဆုချီးမြှင့်ခဲ့ပြီး၊ အမျိုးသမီးအသင်းတွင် ပထမရရှိခဲ့သော အ.ထ.က-၁ အသင်းအား မြို့နယ်အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌ ဒေါ်ညိုမီအောင်က ငွေသားဆုနှင့် ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အမျိုးသားအသင်းတွင် ဒုတိယဆုရရှိသော အ.ထ.ကကုန်းသာ အသင်း၊ တတိယဆု အ.ထ.က(၁)အသင်း၊ အမျိုးသမီးအသင်းတွင် ဒုတိယဆိုရရှိသော အ.ထ.ကကုန်းသာအသင်း၊ အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆု အကောင်းဆုံး ရှေ့တန်းအားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း၊ ပွဲစဉ်တစ်လျှောက်လုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု ကူညီဆောင်ရွက် ပေးသော မြို့နယ်ကြက်ခြေနီအသင်းခွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဂုဏ်ပြု ဆုချီးမြှင့်ပေးခဲ့ကြောင်းနှင့် အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက်(၁၆) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)