လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

လောင်းလုံး သြဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လောင်းလုံးမြို့၊အ-မ-က ( က) ရပ်ကွက်ကျောင်း၌ ကျင်းပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လောင်းလုံးမြို့နယ်ပညာရေးရုံးမှ မြို့နယ်ပညာရေးမှူး၊ ဦးသန်းထိုက်က အဖွင့်အမှာ စကားပြောကြားပြီး လောင်းလုံးမြို့မ ရဲစခန်းမှ ရဲမှူးသော်ဇင်ဦးက မှုခင်းကျဆင်းရေး အသိပညာပေးအားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝေဝေချိုက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းအားလည်းကောင်း၊ မြို့နယ်ဆရာဝန် ဒေါက်တာမင်းညွှန့်ဝင်းက မူးယစ် ဆေးဝါး အမျိုးအစားနှင့်ပတ်သက်၍ အသိပညာပေးခြင်းအားလည်းကောင်း အသီးသီး ဟောပြောပေးခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်ခင်၊ မြို့နယ်ပညာရေးမှူး၊ ဦးသန်းထိုက်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ သူများတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သိန်းသိန်း(လောင်းလုံး)