လားရှိုး ဩဂုတ်
(၂၃)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို လားရှိုးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားကို လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စည်သူ ဇော်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပြည်မြန်မာ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် လားရှိုးမြို့နယ် ပညာရေးမှူး ဒေါ်အုန်းဆန်းက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် လားရှိုးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူလေးများက “ဗိုလ်ရှုသဘင်” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေသည်။
ထို့နောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
လားရှိုးမြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ အဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၈)ဦး၊ အကပြိုင်ပွဲတွင်(၁၆)ဦး၊ အတီးပြိုင်ပွဲတွင် (၆)ဦး စုစုပေါင်း (၄၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
စိုင်းထွန်း