မတ္တရာ ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်ပြပွဲပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ် ပြပွဲပြိုင်ပွဲတွင် ရောဂါကာကွယ်စေသော အစားအစာအုပ်စုများ၊ ပရဆေးပင်များ၊ အင်အားဖြစ်စေသော အစားအစာအုပ်စုများ၊ ခန္ဓာကိုယ်ကြီးထွားစေသော အစားအစာအုပ်စုများ၊ ဗီတာစီပါဝင်သော သစ်သီးများ၊ အားကစားပြခန်း၊ ပိုစတာများ၊ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော စာမူများအား ခင်းကျင်းပြသထားရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် အတွင်းမှ အထက်တန်း ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ အကဲဖြတ် ကြည့်ရှုအားပေးခဲ့ရာ သက်ဆိုင်ရာအုပ်စုများရှိ ကျောင်းသား၊ ကျောင်းသူများမှ အစားအစာ အုပ်စုများ၏ အကျိုးအာနိသင်များကို ရှင်းလင်းဖြေကြားခဲ့ကြသည်။
အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ် ပြပွဲပြိုင်ပွဲမှ ကျောင်းသား၊ ကျောင်းသားအတွက် မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့မှ ဆုငွေ ကျပ်(၁)သိန်း ချီးမြှင့်ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)