မိုင်းပျဉ်းမြို့နယ်တွင် မြေပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့

မိုင်းပျဉ်း  သြဂုတ်  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ယမန်နေ့နံနက် ၆ နာရီက မိုင်းပျဉ်းမြို့နယ်မှ ၅၀၃ km နှင့် ၅၀၄ km အကြား ယမ်းမိုင်ကျေးရွာအုပ်စုအတွင်း သစ်ပင်လဲကျပိတ်ဆို့ခဲ့ခြင်းကြောင့်လည်းကောင်း၊ မိုင်းပျဉ်းမြို့မှ ၁၆ မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ၅၀၈ km နှင့် ၅၀၉ km အကြား တောင်ကြီး−မိုင်းပျဉ်း−ကျိုင်းတုံသွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ပေ(၁၀၀)ခန့် မြေပြိုကျမှုဖြစ်ပွားခြင်းကြောင့်လည်းကောင်း ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။  

အဆိုပါမြေပြိုကျမှုဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်လွင်၊ လမ်းအထူး(၃)မှ အင်ဂျင်နီယာ ဦးသိန်းကျော်နှင့် လုပ်သားများမှ Loader ယာဉ်ကြီး(၂)စီး၊ ယာဉ်ငယ်(၁)စီး၊ စုစုပေါင်း (၃)စီးဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ရာ ညနေ(၁၃:၃၀)နာရီတွင် ရှင်းလင်းပြီးစီးခဲ့ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း၊ မြေပြိုမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)