ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk  Show ကျင်းပ

ထားဝယ်  သြဂုတ် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံးနှင့် စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ် ရေးဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk  Show ကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်ဝင်းက ပြည်သူလူထုဝယ်ယူ စားသောက်နေသည့် မုန့်ပဲသရေစာများတွင် ဆိုးဆေးများပါဝင်မှုကြောင့် စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ သက်တမ်းလွန်မုန့်များ ဝယ်ယူစားသောက်ခြင်း မပြုရန် နှင့် လက်ကားဖြန့်ဖြူးရောင်းချနေသည့် မုန့်ဆိုင်များတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တားမြစ်ထုတ်ပြန်ထားသောမုန့်များ ရောင်းချခြင်းများမပြုလုပ်စေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးလွင်က စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် စသည့်ရည်မှန်းချက်များထားရှိကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှါးခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်း ခံရသူများကို ဆိုလိုခြင်းဖြစ်ကြောင်း ပြောကြားပြီး စားသုံးသူရေးရာနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်လင်းဆွေးနွေးပြောကြားသည်။

အလားတူ အသိပညာပေးဆွေးနွေးပွဲ(Talk  Show)များကို ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လစဉ်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)