ကရင်ပြည်နယ် ကျောင်းကျန်းမာရေးသီတင်ပတ်လှုပ်ရှားမှု၊ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ

ဘားအံ ဩဂုတ် ၁၃

၂၀၂၂-၂၀၂၃ ခုနှစ် ကရင်ပြည်နယ် ကျောင်းကျန်းမာရေးသီတင်ပတ်လှုပ်ရှားမှု၊ ကမ္ဘာ့မိခင်နို့ချိုတိုက် ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် နိုင်ငံသားများ၏ ပညာရေးနှင့်ကျန်းမာရေးအဆင့်အတန်းပေါ်တွင် မူတည်သည့်အတွက် နိုင်ငံ၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးသည် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသားလူငယ်များဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကိုဦးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဩဂုတ်လ၏(ပထမ) ရက်သတ္တပတ်ကို မိခင်နို့ချိုတိုက်ကျွေးရေးရက် သတ္တပတ်၊ (ဒုတိယ)ရက်သတ္တပတ်ကို ငါးနှစ်အောက် ကလေးများနှင့်ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (တတိ ယ) ရက် သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (စတုတ္ထ)ရက် သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့ ရောဂါများ ပပျောက်ရေးရက်သတ္တပတ်အနေဖြင့် သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှု အတွက်အခြေခံကျသည့် အာဟာရဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမိုအားဖြည့်ဆောင်ရွက်ကြရန်၊ ဆောင်ရွက်ရာတွင်လည်း အစိုးရဌာနများသာမက ပြည်သူလူထုအပါအဝင် အဖွဲ့အစည်းများ၏အခန်းကဏ္ဍသည် အလွန်အရေးပါသည့်အတွက် လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဒေါ်နန့်ဆယ်လီလှိုင်က ကျောင်းကျန်းမာရေး သီတင်းပတ်ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာကျော်စွာမြင့်က ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှု၊ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားများ နှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြကာ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် Video Clip အား ဖွင့်လှစ်ပြသသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ များတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ လေးများက ကာယအလှအကဖြင့် သရုပ်ပြ ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု ပြခန်းများ၊ ကျောင်းသား၊ကျောင်းသူများကျန်းမာရေးစစ်ဆေးခြင်း၊ သံချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့်(၂)နှစ်အောက်ကလေးငယ်များအား မိခင်နှင့်ကလေးစောင့် ရှောက်မှုသရုပ်ပြခြင်းများ၊ KG တန်း ကျောင်းသား၊ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းတို့ အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)