ကျိုင်းတုံ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ယနေ့၌ မိုးအဆက်မပြတ်ရွာသွန်းမှုများ၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားသည့်အတွက် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရဿည်။
မိုးရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့နယ်၊ နမ့်လပ်ချောင်းရေမြင့်တက်လာ၍ ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်၊ လွိုင်မွေလမ်း ဟိုခိုရွာအနီးနှင့် မြို့တော်ခန်းမရှေ့ လေယာဉ်ကွင်းလမ်း၊ နောင်ကုန်ကျေးရွာသွားလမ်းတစ်လျောက်၊ မြို့ပတ်လမ်းတစ်လျောက် လမ်းမပေါ်နှင့် နေအိမ်များတွင်အနက် ၃ ပေခန့် ရေလွှမ်းမိုးမှုပေါ်ပေါက်ခဲ့သည့်အတွက် တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့တွင် ကျိုင်းတုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယန်းခကျေးရွာအုပ်စု၊ ဝမ်ဆန်ရွာ၌ တောင်ကျရေးများ အဆက်မပြတ်ကျဆင်းလာပြီး အဆိုပါကျေးရွာတွင်နေထိုင်သည့် နေအိမ်နှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မျောပါပျောက်ဆုံးလျက်ရှိရာ တာဝန်ရှိသူများ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)