မိုးညှင်း ဩဂုတ် ၁၃
အကျဉ်းဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မိုးညှင်းဗဟိုအကျဉ်းထောင်သို့ မိုးညှင်းခရိုင်တရားသူကြီးဦးဆောင်သည့် တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၁၀)နာရီခွဲခန့်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ခံအရာရှိရုံးခန်း၌ မိုးညှင်းဗဟို အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က အကျဉ်းဦးစီးဌာန၏ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ခရိုင်တရားသူကြီး ဒေါ်ခင်အေးအေးလင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ စနစ်တကျလိုက်နာဆောင်ရွက်ကြရန်၊ ဥပဒေခံစားခွင့်များ အပြည့်အဝရရှိရေးနှင့် အကျဉ်းထောင် စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြစေရန်၊ ဗဟိုအကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးဝါးများ မရောက်ရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်စေရန်နှင့် ခရီးကွာဝေးသဖြင့် ရုံးထုတ်တရားခံများ၏ လုံခြုံရေးများကို အထူးကြပ်မတ် ဆောင်ရွက်ကြစေရန် စသည်တို့ကို တိုက်တွန်းမှာကြားသည်။
ထို့နောက် ခရိုင်တရားသူကြီး ဦးဆောင်သည့်အဖွဲ့သည် အကျဉ်းထောင်အတွင်းရှိ အိပ်ဆောင်များသို့ သွားရောက်၍ အကျဉ်းသား အကျဉ်းသူ(၁၁၇၉)ဦး၊ အချုပ်သား အချုပ်သူ(၇၇)ဦး စုစုပေါင်း (၁၂၅၆)ဦးတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ အကျဉ်းသား အကျဉ်းသူများနှင့် အချုပ်သား အချုပ်သူများမှ အမှုအကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ခရိုင်တရားသူကြီးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)