တာချီလိတ် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဩဂုတ်လ ၁၁ ရက်နေ့ ညမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့် မယ်ဆိုင်ချောင်းရေသည် စိုးရေမှတ်ကျော်လွန်ပြီး ဗိုလ်ချုပ်လမ်းမကြီး၊ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေများဝင်ရောက်လျက်ရှိရာမှ ယမန်နေ့ညမှစ၍ မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်မှုဖြစ်ပွားလျက် ရှိသဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် ရေဘေးသင့် ပြည်သူများအား ထမင်းထုပ်၊ သောက် ရေသန့်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဩဂုတ်လ ၁၁ ရက်နေ့ ညမှစ၍ ယနေ့နံနက်ပိုင်းအထိ မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိပြီး ယမန်နေ့ညပိုင်းမှစ၍ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်နှင့် မေဖလား ဝါးကွင်းတို့တွင် ရေနစ်မြုပ်မှုများဖြစ် ပွားခဲ့သဖြင့် စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း ဦးဆောင်သော တပ်မတော်သားများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက အရေးပေါ်ကူညီ ကယ်ဆယ်ရေး အဖွဲ့များခွဲ၍ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်းပေးခြင်း၊ နေစရာအခက် အခဲရှိသူများအား မြို့နယ် အားကစားရုံတွင် ကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်စီစဉ် ပေးခြင်း၊ နေအိမ်များအတွင်း ပိတ်မိသောသူများအား ကူညီကယ်ထုတ်ပေးခြင်းနှင့် ရေဘေးသင့် ပြည်သူများအား ထမင်းထုပ်၊ ခေါက်ဆွဲကြော်ထုပ် များနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
ထို့ပြင် မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း(က),(ခ) ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် (လားဟူစျေးနှင့် တော်ကော့တွင်း) စသည့် ရပ်ကွက်များ၌လမ်းပေါ်နှင့် နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း၊ မယ်ယန်းကျေးရွာအုပ်စုနှင့် မိုင်းကိုးကျေးရွာ အုပ်စုတို့တွင်လည်း ရေကြီးရေလျှံမှုဖြစ် ပေါ်လျက်ရှိသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အသင့်စောင့်ဆိုင်းလျက်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုနှင့် အန္တရာယ်များ မဖြစ်ပေါ်စေရေးတာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက်)