တောင်ကြီး သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများနှင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်သည် နိုင်ငံသားများ၏ ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်းပေါ်မူတည်ပါကြောင်း၊အနာဂတ်လူ့စွမ်း အားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးသည် အလွန်အရေးကြီး ပါကြောင်း၊ ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးခြင်းသည် အနာဂတ် နိုင်ငံတော်အတွက် ကောင်းမွန်သောအရင်းအနှီးဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့်အတန်းမြင့်မားရန် ပညာရေးနှင့် ကျန်းမာရေးလက်တွဲပြီး အခြားနှီးနွယ်ဌာနများ၊ မိဘ ပြည်သူများ၏ ကူညီပံ့ပိုးမှုဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စာစီစာကုံး၊ ပိုစတာ၊ ပန်းချီ ပြိုင်ပွဲတွင် စာစီစကုံးပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ဂုဏ်ပြုမှတ်လွာများနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဂုဏ်ပြုမှတ်လွာများနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဂုဏ်ပြုမတ် လွှာများနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် video clip ကို ကြည့်ရှုခဲ့ပြီး တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပြခန်းတွင် ပြသထားသည့် ကျောင်းကျန်းမာရေး ဆောင်ရွက်နေမှု မှတ်တမ်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)