ကရင်တိုင်းရင်းသားတို့၏ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ

ဘားအံ ဩဂုတ် ၁၂

ဝါခေါင်လရောက်တိုင်း ကရင်ပြည်နယ်အတွင်းရှိ နေရာဒေသအနှံ့အပြားတွင်သာမက ကရင် တိုင်းရင်းသားများ ပျံနှံ့နေထိုင်ရာ နေရာဒေသများတွင်လည်း ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ပွဲတော်ကို ကရင်ရိုးရာ ထုံးတမ်းစဉ်လာများနှင့်အညီ ဆွေမျိုးမိသားစုအလိုက် သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဆင်ယင် ကျင်းပလေ့ရှိကြသည်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ပွဲတော်ကို ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ မပျောက် ပျက်စေရန်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအကြောင်းကို ပိုမိုသိရှိနားလည်သဘောပေါက်စေပြီး တန်ဖိုးထားထိန်းသိမ်း မြတ်နိုးတက်လာစေရန်၊ (လာခုဂ်ခါင်.စူး)ပွဲတော်တွင် အတူတကွ ပူးပေါင်းပါဝင်ဆင်နွဲ လာစေခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွား၍ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်ဟုသိရှိရပြီး နှစ်စဉ်နှစ်တိုင်း ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို ကျင်းပလာခဲ့သည်မှာ နှစ်ကာလအားဖြင့် ကြာမြှင့်ခဲ့ပြီဖြစ်သည်။

ရှေးသုတေသီပညာရှင်များ၏အဆိုအရ ကရင်လူမျိုးများ၏မူလဒေသမှာ အရှတိုက်အလယ်ပိုင်းရှိ မြင့်မားသော တောင်တန်းများခြံရံသည့်ကုန်းမြင့်ကြီးများဟုယူဆကြပြီး ရေကြည်ရာမြက်နုရာနှင့် အေးချမ်းသော၊ ပိုမိုကောင်းမွန်သော နေရာဒေသအသစ်များကို ရှာဖွေရန် အရှေ့တောင်အရပ်သို့ ဆင်းသက်လာရာတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် ဘေးဒုက္ခအပေါ်အခြေခံ၍ လက်ကောက်ဝတ်တွင် ချဉ်ဖြူဖွဲ့သည့် အလေ့အထ ပေါ်ထွန်းခဲ့သည်ဟု လေ့လာ မှတ်သားရပါသည်။

ရှေးကရင်လူကြီးများက ဝါခေါင်လစုပေါင်းလက်ချည်ရာတွင် လယ်ယာစိုက်ပျိုးပြီးချိန်ဖြစ်၍ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည်ဆုံတွေ့ရခြင်း၊ လူကြီးမိဘများ၏ ဆုံးမသြဝါဒများ ကိုခံယူရခြင်း၊ လူမှုရေးကိစ္စရပ်များ ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြခြင်းနှင့် (လာခုဂ်ခါင်.စူး)သို့ တက် ရောက်လာသူများအချင်းချင်း ချစ်ကြည်သွေးစည်း ညီညွတ်မှုကို ရရှိစေခြင်းတို့ကိုလည်း ရည်ရွယ်ကြောင်း သိရသည်။

ကရင်လူမျိုးများသည် ရှေးဘိုးဘွားဘီဘင်များ၏ယူဆချက်အရ ဝါခေါင်လတွင်အများအားဖြင့် ရေကြီးလေ့ ရှိပြီး ဆန်ရေစပါးများတဖြည်းဖြည်းလျော့နည်းလာကာ စားသောက်ရာတွင်လည်း ပုံမှန်ထက်ပိုမို၍ကုန်သည်ဟု ထင်မြင်ယူဆကြပြီး မကောင်းဆိုးဝါးများ လူတွင်ဝင်ရောက် ပူးကပ်သည်ဟု ယူဆသည့်အတွက် ကိုယ့်လိပ်ပြာလွင့် မသွားအောင် ဝိဉာဏ်လိပ်ပြာ ကို ခေါ်လေ့ခေါ်ထရှိကြောင်း၊ လိပ်ပြာမလွင့်အောင် ချည်ဖြူဖြင့် လက်တွင်ချည်နှောင် ထားပြီး ဆံဖြူခါးကုန်းသည်အထိ လိပ်ပြာဝိဉာဏ်ကို ကိုယ်နှင့်မကွာနေထိုင်နိုင်စေရန် ဆုတောင်း မေတ္တာပြုခြင်းသည် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ၏အနှစ်သာရပင်ဖြစ်ကြောင်း သိရသည်။

အိမ်ထောင်စုတစ်ခုတွင် အိမ်သားတစ်ဦးတစ်ယောက် မကျန်းမမာဖြစ်၍သော်လည်းကောင်း၊ တစ်စုံ တစ်ရာ ထိတ်လန့်မှုကြောင့် ကယောင်ချောက်ခြားဖြစ်နေခြင်းကိုလည်းကောင်း၊ ချည်ဖြူဖွဲ့ပြီး ရိုးရာကုထုံးဖြင့် ကုသသည့် သဘောဖြစ်ပြီး  ထိပ်လန့်မှုဖြစ်၍ နာမကျန်းဖြစ်နေသောသူကို လိပ်ပြာခေါ်ရန်ရှိလာသည့်အခါ လိပ်ပြာခေါ်ယူသူကို ပင့်ဖိတ်၍ တာဝန်ပေးကြကာ အများအားဖြင့် ဆေးဝါးကုသနေသော သမားတော်များ၊ ကျေးရွာအကြီးအကဲများနှင့် လင်စုံမယားစုံ သက်ကြီး အဖိုးအဖွားများက ဆောင်ရွက်ပေးကြရသည်။

ကရင်လူမျိုးများ မူလနေထိုင်ရာအရပ်ဒေသမှ ရေကြည်ရာမြက်နုရာရှာဖွေရန် ဆင်းသက်လာရာ လမ်းကြောင်း တစ်လျှောက်တွင် ညီအစ်ကိုမောင်နှမအချင်းချင်း တစ်ဦးနှင့် တစ်ဦးမှတ်မိနိုင်ရန် မိမိတို့၏ လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ရစ်ပတ်ချည်နှောင်အမှတ်သညာပြုခဲ့ကြရာမှ  လက်ကောက်ဝတ်တွင် ချည်ဖြူရစ်ပတ် ချည်နှောင်ထား သည်ကိုတွေ့ရှိလျှင် ကရင်လူမျိုးဖြစ်ကြောင်း သိနိုင်ပြီး ထိုမှစ၍ ချည်ဖြူဖွဲ့မင်္ဂလာပေါ်ပေါက်လာသည်ဟု အဆိုရှိကြောင်း မှတ်သား ရပါသည်။

ချည်ဖြူဖွဲ့ခြင်း၏ အနှစ်သာရကိုကြည့်မည်ဆိုလျှင် မိသားစုများစည်းစည်းရုံးရုံးနှင့် ပြန်လည် တွေ့ဆုံခြင်း၊ တက်ရည်တပြင်တည်းဖြစ်ခြင်း၊ လူကြီးနှင့်လူငယ်များအကြား နွေးနွေးထွေးထွေး တိုင်ပင်ဆွေးနွေးကြခြင်း၊ ကြုံတွေ့ခဲ့ ရသည့်အတွေ့အကြုံဗဟုသုတများကို အပြန်အလှန်နှီး နှောဖလှယ်ကြခြင်းဖြင့် ချစ်စရာကောင်းသောရိုးရာဓလေ့တစ်ခု ဖြစ်ပြီး တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသကဲ့သို့ သံဇောယဉ်၊ ချစ်ခြင်းမေတ္တာများထုံလွမ်း၍ မိသားစုအတွင်း၊ ဆွေးမျိုးသား ချင်းအတွင်း၊  အသိုင်းအဝိုင်း အစုအဖွဲ့အတွင်း ချစ်ခင်ရင်းနှီးမှုများ ဆထက်တိုးပွားရရှိလာနိုင်မည့် သဘောဖြစ်ပါသည်။

ရှေးယခင်က ချည်ဖြူဖွဲ့ခြင်းကို ကရင်အမျိုးသားတို့၏ အိမ်တိုင်းအိမ်တိုင်းတွင် ဆင်ယင်ကျင်းပလေ့ရှိခဲ့သော်လည်း ယခုအခါ ရိုးရာယဉ်ကျေးမှုတစ်ရပ်အနေဖြင့် စုပေါင်းကျင်းပကြသည့်အတွက် မိသားစုတစ်စုတည်းသာမက မိသားစုအများအပြား၏ စည်းလုံးညီညွှတ်မှု၊ ချစ်ခင်ရင်းနှီးမှုများကို ရရှိလာနိုင်မည်ဖြစ်ကာ ပြည်ထောင်စုဖွား အခြားသော တိုင်းရင်းသားလူမျိုးများလည်း ပါဝင်ဆင်နွဲ နိုင်သည့်အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရာလည်းရောက်ပေသည်။

ကရင်လူမျိုးများတွင်ချည်ဖြူနှင့်လက်ချည်ခြင်း(၃)မျိုးရှိပြီး

၄င်းတို့မှာ

(၁)မင်္ဂလာဆောင်သည့်အခါလက်ချည်ခြင်း

(၂)ဘိုးဘွားမိဘနှင့်ဆွေမျိုးမောင်နှမသားချင်းများထဲမှ တစ်ဦးဦး သေဆုံးသည့်အခါ လိပ်ပြာခေါ်လက်ချည်ခြင်း
(၃)မကောင်းဆိုးဝါးဝင်ပူးသည်ကို ကြောက်လန့်မှုဖြင့် တွေ့ဆုံလွန်ကဲပြီး ဖျားနာ၊ မကျန်းမမာ ဖြစ်သည့်အခါ လိပ်ပြာခေါ်လက်ချည်ဖြင်းတို့ဖြစ်ကြသည်။

ထိုလက်ချည်ခြင်း (၃)မျိုးကို ပြုလုပ်ရာတွင် အချိန်အခါမတူညီကြသော်လည်း ဝါခေါင်လ လက်ချည်ပွဲသည် ဝါခေါင်လအတွင်းတွင်သာစုပေါင်း၍ပြုလုပ်ခြင်း၊ ကျေးရွာဘုန်းကြီးကျောင်းများတွင် စုပေါင်းပြုလုပ်ခြင်း၊ မိသားစုတစ်စုခြင်း အလိုက် ပြုလုပ်ခြင်းတို့ကို  ကရင်တိုင်းရင်းသားများ နှစ်စဉ်ကျင်းပကြသည်။

လက်ချည်ခြင်းသည် သာမာန်အားဖြင့် သမရိုးကျဟုထင်မြင်ယူဆရပါသော်လည်း အမှန် တကယ်လေ့လာ ကြည့်ရာတွင် လက်ချည်သည့်အခါအသုံးပြုသည့်ပစ္စည်းပစ္စယများတွင် တစ်ခုချင်း စီတိုင်း၌လေးနက်သည့် အဓိပ္ပယ်များ ရှိနေသည်ကိုသိရသည်။

ချည်ဖြူဖွဲ့ရာတွင်ပစ္စည်း(၇)မျိုးပါဝင်ပြီး

၁။ ငှက်ပျော်သီး   -  ကရင်လူမျိုးများသည် ငှက်ပျောသီးကဲ့သို့ တစ်ဖီးတည်းတစ်ခိုင်တည်း စုစုစည်းစည်း ညီညီ ညာညာဖြင့် ဥမကွဲသိုက်မပျက် နေထိုင်ကြသည့်သဘော
၂။ ကောက်ညှင်းထုပ် -   ကောက်ညှင်းသည် စေးကပ်သည့်သဘောရှိပြီး တော်ရုံနှင့်ခွာ၍မရ၊ ထို့အတူ ကရင်လူမျိုးများသည်လည်း ကောက်ညှင်းပမာတည်တံ့ခိုင်မာသည့် ခိုင်နှလုံးသားရှိသည့် သဘော
၃။ ထမင်းဆုပ် ကျွန်တော်တို့သည် အင်အားရှိရန် ထမင်းကိုနေ့စဉ်စားသုံးကြပါသည်။ ထမင်းစားရမှ အားရှိပါမည်အားရှိမှ အလုပ်လုပ်နိုင်မည်၊ ထို့ကြောင့် ကျွန်တော်တို့ကရင်လူမျိုးများ အချင်းချင်းထမင်းခွံကျွေးကြပါစို့ဟူသောသဘော

၄။ နတ်ပန်းညို နတ်ပန်းညိုပင်သည် မိမိအပင်ရှင်သန်ကြီးထွားရေးအတွက် အမြစ်သည် ကျယ်ပြန့်ရှည်လျားစွာ ထိုးဆင်းပြီး အပင်သည်ဆင့်ကဲဆင့်ကဲပေါက်သဖြင့် တော်ရုံနှင့်မသေ နိုင်မျိုးမသုန်းပေ၊ ထို့အတူ ကရင်လူမျိုးများသည် ရောက်လေရာတွင် နတ်ပန်းညိုကိုစံပြု၍ မိမိတို့ မျိုးဆက်ကို ထိန်းသိမ်း ဆောင်ရွက်ကြရန်အဓိပ္ပယ်ကို ဆောင်ပါကြောင်း

၅။ ချည်ဖြူ ချည်ဖြူတစ်မျှင်ကို ပြတ်အောင်ဆွဲဖြတ်နိုင်သော်လည်း ချည်မျှင်များစုစည်း၍ ဖွဲ့ချည်ထုံးနှောင်သောအခါ ဆွဲဖြတ်၍မပြတ်နိုင်သကဲ့သို့ ကရင်လူမျိုးများ အချင်းချင်းသည်လည်း ချည်ဖြူပမာ စုစည်းခိုင်မာရမည့် သဘောကိုဆောင်ပါကြောင်း

၆။ ရေ ရေသည်အေးမြနေသကဲ့သို့ ကရင်လူမျိုးတို့၏ ဘဝခရီးလမ်းသည်လည်း အေးချမ်းသာယာစေရန် ရည်ရွယ်သည့်သဘောကို ဆောင်ပါကြောင်း
၇။ ကြံပိုင်း  ကြံပင်တို့မည်သည်တစ်ဆစ်ပြီး တစ်ဆစ်၊ တစ်ဆင့်ပြီး တစ်ဆင့်အထက်သို့ ထိုးတက်လျက်ရှိရာ ကြံပင်ကိုပမာပြု၍ ရှေ့ဆက်ဘဝစည်ကားရေးအတွက် ကြိုးစားကြရမည့် သဘောကို ဆောင်ပါကြောင်း

ထို့ကြောင့် အဓိပ္ပါယ်များနှင့်ပြီးပြည့်စုံသော ချည်ဖြူဖွဲ့မင်္ဂလာ ရိုးရာဓလေ့ပွဲတော်ကို မပျောက်မပျက် ဆက်လက်၍ လက်ဆင့်ကမ်းထိန်းသိမ်းမြှင့်တင်ကြရန်၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာ၍ မွန်မြတ်သန့်စင်ပြီးချစ်စရာကောင်းသော ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်စေရန်၊  နှစ်စဉ်ဝါခေါင်လရောက်တိုင်း မိမိတို့၏ လက်ကောက်ဝတ်များတွင် ချည်ဖြူဖွဲ့၍ ကရင်ရိုးရာဓလေ့ကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းကြပါစို့ဟု ဆန္ဒပြု ရေးသား တင်ပြလိုက်ရပါသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)