မူဆယ်မြို့တွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မူဆယ်  ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးရေအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ၊ ရေဘေးမဖြစ်ပွားမီကြိုတင်ဆောင်ရွက်ထားသင့်သော အချက်များ၊ကလေးမြို့တွင် ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ် ရေကြီးမှုနှိုင်းယှဉ်ချက်များ ရှင်းပြခြင်း၊ ၎င်းရေအန္တရာယ်ကို ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တို့ကို Projecter ဖြင့် ရှင်းပြခဲ့သည်။ဆက်လက်ပြီး မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းကမူ ဆယ်မြို့ မိုးရေချိန်တိုင်းတာမှု အခြေအနေတင်ပြခြင်း၊ မူဆယ်မြို့တွင် သဘာဝဘေးဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သည့် ရပ်ကွက်/ ကျေးရွာများ၊ ရပ်ကွက်များတွင် မိုးသည်းထန်စွာရွာသွန်းပါက မြေပြိုမှုဖြစ်ပွားနိုင်သည့် ရပ်ကွက် စာရင်းများ၊ ၂၀၁၆-၂၀၁၇ ခုနှစ် မူဆယ်မြို့နယ် အတွင်း ရွှေလီမြစ်ရေကြီးမှုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက်  ထောက်ပံ့ပေးမှုအခြေအနေများ၊ မူဆယ်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များ စသည့် တို့ကို Projecterဖြင့်  ရှင်းလင်းပြသခဲ့ပါသည်။

ယင်းနောက်  နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က  နမ့်ခမ်းမြို့နယ်အတွင်းရှိ မြို့/ရပ်ကွက်၊ကျေးရွာအုပ်စု၊ ကျေးရွာများ ဖွဲ့စည်းမှုများတင်ပြခြင်း၊ နမ့်ခမ်းမြို့နယ် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ မိုးရေချိန်တိုင်းတာမှု အခြေအနေ၊ ရွှေလီမြစ်ဘေးရှိ ကျေးရွာအုပ်စုများတွင် ရေကြီးလျှံနိုင်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ၊ နမ့်ခမ်းမြို့နယ်ရွှေလီမြစ် ရေကြီးလျှံမှု ဖြစ်ပေါ်ပါက ရေဝင်ရောက်နိုင်သည့် ကျေးရွာအုပ်စုများရှိ အိမ်ခြေ/အိမ်ထောင်စု၊ လူဦးရေ၊ သီးနှံစိုက်ဧရိယာစာရင်းနှင့် ကြိုတင်ဆောင်ရွက်ထားရှိမည့်အခြေ အနေများကို Projecterဖြင့် ရှင်းလင်း ခဲ့သည်။ ယင်းအစည်းအဝေးကို  သက်ဆိုင်ရာတာဝန်ရှိသူများကလည်း အသီးသီးပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)