မိုးညှင်းတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မိုးညှင်း     ဩဂုတ်     ၁၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က လူကုန်ကူးမှုနှင့်ပတ်သက်၍ သိကောင်းစရာများ၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ သိကောင်းစရာများ၊ သက်ငယ်မုဒိမ်းမှုများနှင့် လူကုန်ကူးမှု၏ ပြစ်မှု၊ ပြစ်ဒဏ်များစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး “လူ…လူ…လူ…လူသည် ရောင်းကုန်မဟုတ်ပါ” စာတမ်းပါအသိပညာပေး လက်ကမ်းစာစောင်များကို ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မိုးညှင်းတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်မည့် လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲများ၊ စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ပိုစတာနှင့် နံရံကပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)