ထားဝယ် သြဝုတ် ၁၂
ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အမှတ် (၁၀) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ထားဝယ်) မှ တပ်ဖွဲ့စုမှူး ရဲမှူးမြင့်စိုးက လူကုန်ကူးမှု၊ လူမှောင်ခိုမှုအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး ဆိုင်ရာများအကြောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်းအားလည်းကောင်း၊ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးအေးနိုင်ဦးက မှုခင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအားလည်းကောင်း၊ အမှတ် (၁၁) ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲ (ထားဝယ်) မှ ရဲမှူးထွန်းနိုင်အောင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍ လိုက်နာရန် အချက်များအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် အမှတ်(၃၃) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ထားဝယ်) မှ ဒုတိယရဲမှူး မျိုးခိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်ပတ်သက်၍ သိကောင်း စရာများအား အသိပညာပေးဟောပြောခဲ့ကြပြီး တာဝန်ရှိသူများက ကျောင်းသား/သူများအား လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ် (ထားဝယ်)